Monday, 31 October 2011

အာရုံများနဲ့လူ



လမ်းမပေါ်ကြည့်ဖြစ်တော့ လူတွေဥဒဟိုသွားလာနေကြတယ်။ အရေအတွက်များလှတဲ့ ကားတွေထဲမှာလည်း လူတွေရှိနေကြတယ်။ ဦးတည်ရာတစ်ခုခုဆီသွားနေကြတယ်။ လူတွေဘယ်ကိုသွားပြီး ဘာတွေလုပ်နေကြသလဲ။ မိုးလင်းကနေ မိုးချုပ်တဲ့ထိ အသီးသီး ရွေ့လျားနေကြတယ်။ သေချာတာကတော့ အချိန်ပိုင်းအလိုက် လိုအပ်ချက်တွေနောက် လိုက်နေကြရတာဖြစ်မယ်။ အဲဒီအချိန်ပိုင်းလေးတွေ ရက်စဉ်စုပေါင်းရင်း ရက်ကနေလ၊ လကနေနှစ်တွေဖြစ်ပြီး ဇရာဟာ တစ်စစဖီးစီးဝါးမြိုလာခဲ့မယ်။ ဒီနောက်လူ့လောကကနေ ပျောက်ကွယ်သွား ကြပြန် ဦးမယ်။

လူတွေဘာဖြစ်လို့ အငြိမ်မနေနိုင်ရတာလဲ လို့ကိုယ့်ကိုကိုယ်မေးဖြစ်တော့ လူတွေဘာဖြစ်လို့ အငြိမ်ထိုင်နေရမှာ လဲလို့ ပြန်မေးမိတယ်။ ဒါဆိုရင်လူတွေမှာ အေးချမ်းတည်ငြိမ်ခြင်းဆိုတာ မရှိတော့ဘူးလား။ ထပ်မေးမိပြန်တယ်။ အမှန်တော့ အဲဒီအေးချမ်းတည်ငြိမ်မှုအတွက်လူတွေယောက်ယက်ခတ်အောင် ပြေးလွှားနေကြရတာ ဖြစ်နေ ပြန်တယ်။

ဒီလူတွေကိုကြည့်ပြီး မွန်းမွန်းကျပ်ကျပ် ခံစားရတယ်။ သူတို့လည်း ကျွန်တော့်ကိုကြည့်ပြီး အဲလိုခံစားကြမှာပဲ။ အတွေးမငြိမ်ကြသလို ဘဝတွေမငြိမ်ကြတာ သဘာဝမဟုတ်လား။ ဒီတဒင်္ဂအတွေးကနေ အေးချမ်းတဲ့အသိုက် အမြုံလေးဆီ အတွေးနယ်ချဲ့ကြည့်တယ်။

သိပ်ပြီးကြီးကျယ်ခန်းနားစရာလည်း မလိုဘူး။ သိပ်လည်းဆင်းရဲ မွဲတေမနေတဲ့ အနေအထားလေးတစ်ခုပေါ့။ အခုမြင်နေရတဲ့လူတွေလို သုတ်သုတ်ပျာပျာ ပြေးနေရတာမျိုး မဟုတ်တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်။ ဖွဲ့တည်ချင်တယ်။ ဆန္ဒဖြစ်လာစေတယ်။ မိသားစုဆိုတဲ့ အသိုက်အဝန်းလေး။ ပြောရရင် အိမ်ရှင်မတစ်ယောက် ရှိမယ် ၊ အိမ့်ဆည်းလည်းဖြစ်မယ့် သားသမီးရတနာလေးပါမယ်ဆိုတဲ့ ကိုယ်ပိုင်ရိပ်မြုံလေးကို အာသီသ ရှိလာတယ်။ နေ့စဉ်ပြေးနေရတဲ့ မြို့ပြမွန်းကျပ်မှုတွေနဲ့လည်း ဝေးချင်သေးတယ်။

စေ့စေ့တွေးကြည့်ရင်တော့ အဓိက အရေးအပါဆုံးအရာတစ်ခု မရှိမဖြစ်ပိုင်ဆိုင်ထားရဦးမယ်။ အဲဒါက ကွန်းခိုမှေးစက်ရာ အိမ်။ Home ပဲဖြစ်ဖြစ် House ပဲဖြစ်ဖြစ် နံပါတ်တစ်နေရာက ရှိဖို့ ဖြစ်လာမယ်။ ချစ်ခြင်းတွေ ဂရုဏာညှာတာမှုတွေနဲ့ဖွဲ့တည်ဖြစ်ခဲ့ရင်တော့ ဒီအိမ်လေးက နွေးထွေးတဲ့ Home ဖြစ်ခဲ့နိုင်တယ်။

 ပြည့်စုံပြီ ဆိုပါတော့ ၊ ဘယ်လိုမောင်းနှင်ယျိုးနဲ့ ခရီးဆက်ကြမလဲ။ မတွေးတတ်သေး။ ယာဉ်ကြောင်းပိတ်ဆို့မှုကို ကားမောင်းသူတိုင်းကြုံရမှာဖြစ်သလို Rush Hour အပြေးအလွှား အခြေအနေတွေကိုလည်း မလွဲမသွေတွေ့ကြုံရဦးမှာပဲ။ ကိုယ့်အတွက် လူတိုင်းနဲ့မတူတဲ့ရှင်သန်မှု မရှိနိုင်ဘူးလား။ လူ့လောကရဲ့အပြင် ဘက်မှာတော့ လူတွေနဲ့မတူတဲ့ နေထိုင်ပြုမူခြင်းတွေရှိလိမ့်မယ်။ သေချာတယ် ဒီမှာတော့မဖြစ်နိုင်။

ပြောလို့ရတာ တစ်ခုရှိနိုင်တယ်။ လူက အပြေးအလွှားရှိနေပေမယ့် စိတ်ကို မပြေးလွှားရလေအောင် ထိန်းကျောင်း ထားဖို့ပေါ့။ လူကိုစိတ်ဆောင်တာမဟုတ်လား။ ဒါဆိုစိတ်ကိုတည်ငြိမ်မှုဆီ တစ်စုတစ်စည်းတည်းသွားအောင် စိတ်လေ့ကျင့်ခြင်းတွေလုပ်ဖို့ လိုအပ်လာဦးမှာပဲ။ အား..  ရိုးရိုးအေးအေးဖြစ်ချင်တဲ့ မောင်ရိုးဘဝကို တည်ဆောက် ဖို့တောင် မလွယ်ပါလား။

အမြင်အာရုံထဲမှာ လူတွေရှုပ်ယှက်ခတ်နေသလို အတွေးအာရုံထဲမှာလည်း လေသွားတယ်။ လူလာခေါက်ပြန် သွားလာနေတဲ့လူသံတွေ၊ ကားသံတွေကလည်း အကြားအာရုံကို မူးနောက်နောက်ဖြစ်စေပြန်တယ်။ ကားဟွန်းသံတွေ ဘရိတ်သံတွေ အင်ဂျင်သံတွေဆူညံနေတာကို  အကြား အာရုံထဲက ဖျက်ထုတ်ဆဲမှာပဲ အထိအတွေ့အာရုံတစ်ခု ပုခုံးပေါ်ကျလာတယ်။

ကိုယ့်လူ ပတ်စပို့ပြပါဦးဆိုတဲ့ ရဲတွေရဲ့အသံပေါ့။ အထိအတွေ့အာရုံထဲ အေးစက်စက်
လက်ထိပ် အရသာကို မနှစ်မြို့ဖွယ်ခံစားလိုက်ရတယ်။ အတွေးအာရုံ၊ အမြင်အာရုံ၊ အကြားအာရုံတွေထက် အထိအတွေ့အာရုံကို ပိုဂရုစိုက်ရမှာသေချာတယ်လို့ပဲ ယူဆရတယ်။ ခုတော့..

မုတ်သုံမိုးဦး
7:13 PM 10/31/2011

No comments: