စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးပွဲစား မဟုတ်ဘူး (ဆောင်းပါး-လူထုစိန်ဝင်း)
June 28, 2010 | မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
ဂျာနယ်တွေမှာ နိုင်ငံရေးနဲ့ဆက်စပ်တဲ့ စာမျိုးတွေ
အရေးများနေတာနဲ့ပတ်သက်ပြီး ရင်းနှီးသူတချို့က သတိပေးကြတယ်။ ကျန်းမာရေးက
အောက်စီဂျင်ပိုက် ဖြုတ်ထားလို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ဘူး။
တခြားအကြောင်းတွေပဲ ရေးပါတော့လို့ ပြောကြတယ်။ စိုးရိမ်လို့စေတနာနဲ့
သတိပေးရှာကြတာပါ။ စော်ကားလိုင်စင်ရထားသလို ကိုယ့်ဟာကိုယ်လည်း
သတိထားမိပါတယ်။ အခုနောက်ပိုင်းရေးတဲ့ စာတွေမှာ ဒေါသသံတွေ လွှမ်းနေတတ်ပါတယ်။
“တစ်ဖက်သား နားခံသာအောင် ပြေပြေပြစ်ပြစ်ရေးပါ။ ဒေါသတွေ မပါအောင်
ဂရုစိုက်ပါ” လို့ တဖွဖွသွန်သင်ဆုံးမခဲ့တဲ့ လူကြီးသူမများရဲ့
စကားတွေကိုအမြဲနားထဲမှာ ကြားယောင်နေပေမယ့် အလိမ္မာဖက်ပြီး မရေးတတ်ခဲ့ဘူး။
စာတွေဖတ်ရင်းဒေါသက ဖြစ်လာတော့ စာတွေမှာပါ ဒေါသက ပါသွားပါတော့တယ်။
ချွန်းအုပ်လို့ကိုမရဘူး ဖြစ်နေတယ်။ စာနယ်ဇင်းသမားလုပ်လာတဲ့
နှစ်ပေါင်းလေးဆယ်ကျော်၊ ငါးဆယ်နီးပါးအတွင်းမှာ ကိုယ်ရေးတဲ့စာကို
မကြိုက်လို့ ဝေဖန်တာမျိုးတွေ ရိုးနေပါပြီ။ တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးပါဘူး။
တစ်ခါမှလည်း ပြန်မချေပခဲ့ပါဘူး။
အခုဒေါသထွက်ရတာက ကလောင်တစ်ချောင်း အပိုင်စားရတာဟာ လူတွေကို စော်ကားချင်တိုင်းစော်ကားလို့ရတဲ့ လိုင်စင်တစ်ခုရထားတဲ့အတိုင်း စာဖတ်ပရိသတ်ကို ငါမှပညာမပေးရင် ငတုံး၊ ငအတွေဘဝက လွတ်ဖွယ်ရာအကြောင်းမရှိတော့ဘူးဆိုတဲ့ အပေါက်မျိုး ချိုးနေကြတာတွေ လွန်ကဲလွန်းလို့ပါ။
မမြင်ဖူး မူးမြစ်ထင်
အဲဒီလိုင်စင်ရ ကလောင်ပိုင်များက တော်တော်ကို မျက်နှာပြောင်ကြတာ။
ကိုယ့်ဟာကိုယ်ပညာရှင်ကြီးနေရာ၊ ဆရာကြီးနေရာတင်မြှောက်ပြိး
တစ်နိုင်ငံလုံးကို ဆရာလုပ်နေကြတယ်။ မြန်မာစာဖတ်ပရိသတ်က သူတို့ထက်တောင်
ကိုယ်တွေ့ဗဟုသုတတွေ ပိုကြွယ်ဝတယ်ဆိုတာ သူတို့မသိကြဘူး။ သူတို့က အခုမှ
တွေ့ဖူးမြင်ဖူးကြလေတော့ “မမြင်ဖူး မူးမြစ်ထင်” ဆိုသလိုဖြစ်ပြီး
လေကြီးမိုးကြီးတွေ ပြောနေကြတာဖြစ်တယ်။ တော်ရုံတန်ရုံဆို ကိစ္စမရှိဘူး။
ဘဝင်လေဟပ်တတ်တဲ့ လူ့ဘဝကိုသိထားလို့ လစ်လျူရှုနေလိုက်လို့ရတယ်။ အခုတော့
တော်ရုံတန်ရုံထက် လွန်ကဲပြီး တစ်ဖက်သတ်ကြီး “ငါ့စကားနွားရ” ပြောနေကြလေတော့
နားကြားပြင်းကတ်စရာ ဖြစ်လာတယ်။
အကျိုးလိုလို့ ညောင်ရေလောင်း
ရိုးရိုးသားသား အမှန်တကယ် ယုံကြည်ပြီး ရေးနေကြတာတွေဆိုရင်လည်း
ဒေါသဖြစ်မှာမဟုတ်ပါဘူး။ သူတို့ရေးတဲ့စာတွေက ဖတ်ရင်းဖတ်ရင်းနဲ့
“ဇာတိ”ပြလာကြလေတော့ “အကျိုးလိုလို့ ညောင်ရေလောင်း”နေတာပဲဆိုတာ
သိသာထင်ရှားလာတယ်။ ဒါကြောင့် ဒေါသဖြစ်ရတာ။ စာနယ်ဇင်းတွေထဲမှာ
ကိုယ်မကြိုက်တဲ့စာတွေ၊ ကိုယ်နဲ့အယူအဆမတူတဲ့စာတွေ
နေ့တိုင်းတွေ့နေဖတ်နေရတာပဲ။ ဘယ်သူ့ကိုမှ ဒေသတကြီးတုံ့ပြန်ရေးသား မပြုပါဘူး။
ဘယ်သူ့ကိုမှလည်း “ငါနဲ့မတူ ငါ့ရန်သူ” သဘောမထားပါဘူး။
“ပန်းတိုင်းပွင့်ပါစေ” လို့သဘောထားပါတယ်။ ပွင့်တဲ့ပန်းတိုင်းလည်း
မွှေးစေချင်ပါတယ်။
စံနဲ့ညီသူ ကြည်ညိုတယ်
စာနယ်ဇင်းသမားစစ်စစ်မှန်ရင် စာနယ်ဇင်းကို ခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကို
“ပရိုမိုးရှင်း” လုပ်တာမျိုးမလုပ်ရပါဘူး။ စာနယ်ဇင်းနဲ့ ကိုယ်ကျိုးရှာတာလည်း
မလုပ်ရပါဘူး။ နောက်ပြီး ဘယ်သူ့လက်ကိုင်တုတ်မှလည်း အဖြစ်မခံရပါဘူး။
စာဖတ်ပရိသတ်ပြည်သူလူထုမျက်နှာကလွဲပြီး
ဘယ်သူ့မျက်နှာမှ မကြည့်ရပါဘူး။ ကြော်ငြာရှင်ရဲ့ မျက်နှာလည်း မကြည့်ရပါဘူး။
ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့၊ ဘယ်အစိုးရရဲ့ အသုံးချခံမှ မဖြစ်စေရပါဘူး။
ဒီအချက်တွေကို လိုက်နာစောင့်ထိန်းနိုင်မှ စာနယ်ဇင်းသမားကောင်းလို့
သတ်မှတ်နိုင်ပါတယ်။ အယူအဆတွေ၊ ယုံကြည်ချက်တွေ ကွဲပြားခြားနားနေပေမယ့် ဒီ
“စံ” တွေနဲ့ ညီသူ မှန်သမျှကို စာနယ်ဇင်းသမားကောင်းများ အဖြစ် ကြည်ညိုပါတယ်။
သမိုင်းဖန်တီးသူမဟုတ်
နောက်အရေးကြီးတဲ့အချက်တစ်ခုရှိပါသေးတယ်။ စာနယ်ဇင်းသမားဆိုတာ သမိုင်းဖန်တီးသူမဟုတ်၊ သမိုင်းကို မှတ်တမ်းတင်သူသာဖြစ်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ စာနယ်ဇင်းသမားက သတင်းတွေဖြစ်လာတာကို ဖြစ်လာတဲ့အတိုင်း အမှန်အကန်ဆုံး၊ အတိကျဆုံး မှတ်တမ်းတင်ပေးရတယ်။
ဒီနေ့သတင်းဟာ မနက်ဖြန်မှာသမိုင်းဖြစ်တယ်။ စာနယ်ဇင်းသမားက သတင်းတွေထဲမှာ
ကိုယ့်အာဘော်ထည့်ဖို့ လုံးဝမကြိုးစားရပါဘူး။ တစ်နည်းနည်းနဲ့
ကိုယ့်သြဇာလွှမ်းမိုးအောင်လည်း မလုပ်ရပါဘူး။ စာနယ်ဇင်းသမားဆိုတာ
ပေါ်လစီချမှတ်သူမဟုတ်သလို၊ ဘယ်သူ့အကြံပေးမှလည်း မဟုတ်ပါဘူး။ ဒီအချက်က
သိပ်ကိုအရေးကြီးပါတယ်။
မင်း ဆရာယောင်ယောင်မလုပ်နဲ့
ဒီနေရာမှာ နိုင်ငံရေးခေတ်တုန်းက အလွန်သြဇာကြီးမားတဲ့
သတင်းစာဆရာတစ်ဦးဖြစ်သူ ဗမာ့ခေတ် ဦးအုန်းခင်ကို
ဝန်ကြီးချုပ်ဦးနုပြောခဲ့တဲ့ စကားတစ်ခွန်းအကြောင်း ပြောပြချင်ပါတယ်။
ဗမာ့ခေတ်ဦးအုန်းခင်ဆိုတာ နဂါးနီစာအုပ် အသင်းခေတ်ကတည်းက ဦးနုနဲ့
အင်မတန်ရင်းနှီးသူ လူရင်းတစ်ယောက်ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲများမှာ
ဦးအုန်းခင်က ဗမာ့ခေတ်ဆိုတဲ့ သြဇာနဲ့ မိတ်ဆွေရင်းချာ ဆိုတဲ့အနေအထားကို
အသုံးချပြီး ဦးနုစကားပြောတဲ့အခါ “မိကျောင်းမင်း ရေကင်းပြ” စကားမျိုးတွေ
ဝင်ဝင်ပြောလေ့ရှိပါတယ်။
တစ်ခါမှာတော့ ဦးနုက သည်းမခံနိုင်တော့ဘဲ သတင်းစာရှင်းလင်းပွဲကြီးအလယ်မှာ “ဒီမှာ ကိုအုန်းခင်၊ ခင်ဗျား ကိုယ့်နေရာကိုယ်နေပြီး၊ ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ”လို့ ပြောလိုက်ပါတယ်။ သဘောကတော့ နိုင်ငံရေးသမားယောင်ယောင်၊ မင်းဆရာကြီးယောင်ယောင် မလုပ်ပါနဲ့လို့ သတိပေးလိုက်တာဖြစ်ပါတယ်။
အောက်ခြေလွတ်တတ်
စာနယ်ဇင်းသမားတိုင်း ဒီစကားကို နားထဲစွဲနေအောင် မှတ်သားထားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စာနယ်ဇင်းတစ်စောင် လက်ကိုင်ရှိပြီး
ရေးခွင့်လိုင်စင်ရထားတဲ့ ကလောင်တစ်ချောင်းပိုင်သွားတာနဲ့တစ်ပြိုင်နက်
လူအတော်များများ အောက်ခြေလွတ်သွားတတ်လို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို
စာနယ်ဇင်းသမားတစ်ယောက် ဆိုတာ မေ့သွားပြီး နိုင်ငံရေးဂုရုကြီးလိုလို၊ ပေါ်လစီ
ဒါရိုက်တာလိုလို၊ မင်းဆရာလိုလို အထင်ရောက်ပြီး မြောက်ကြွမြောက်ကြွနဲ့
ကိုဖိုးသိ ( Mr. Knowall ) “ဂိုက်” ဖမ်းနေလေ့ရှိကြတယ်။
စာနယ်ဇင်းသမားရဲ့နေရာဟာ သူ့စာနယ်ဇင်းတိုက်ဖြစ်ပြီး သူ့အလုပ်ဟာလည်း
ဖြစ်ပွားပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေကိုအမှန်ကန်ဆုံး၊ အတိကျဆုံး
ရှာဖွေဖော်ထုတ်ပြီး မှတ်တမ်းတင်ဖို့သာဖြစ်တယ်။ ဘယ်သူ့ကိုမှ ဆရာလုပ်ဖို့
မဟုတ်သလို၊ ဘယ်သူ့ကိုမှ အကြံပေးဖို့လည်း မဟုတ်ဘူး။ အလားတူပဲ
ပါတီအဖွဲ့အစည်းတွေကြားမှာ အောင်သွယ်ုလပ်ပြီး ကြားဝင်စေ့စပ်ပေးတဲ့
နိုင်ငံရေးပွဲစားလုပ်ဖို့လည်း မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း
နားလည်သဘောပေါက်ထားဖို့လိုတဲ့အကြောင်း ပြောလိုက်ချင်ပါတယ်။
News Watch ၊ အတွဲ-၅၊ အမှတ်-၃၁၊ ၃ မတ်လ ၂ဝ၁ဝ၊ စာ-၁၁
No comments:
Post a Comment