Tuesday 11 February 2014

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း


နိုင်င်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ် ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်း လိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေ သည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။ သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။
“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော်တွေ့တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။ လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။
“ဒီနှစ် အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသား တစ်တုံးကို ၂ ပေါင်ခွဲ ကျတယ် ဆိုတော့ ကျွန်တော် တော်တော် အံ့သြ သွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာ ဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစား အသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။ လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

Sunday 9 February 2014

ကမ္ဘာ့ အလှပဆုံး မြစ်


ကမ္ဘာ့ အလှပဆုံး မြစ် အလွန်ပဲ လှပ ဆန်းပြားသော မြစ်တစ်စင်း ဖြစ်ပါတယ်။ မြင်ရသူအဖို့ စိတ်ကြည်နူးမှုကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိပါတယ်။ ၎င်းမြစ်ကိုတော့ ကနိုကရစ္စတယ်လ်လို့ အမည်ပေးထား ပါတယ်။
မြစ်၏ အောက်ခြေကြမ်းပြင်တွင် အရောင်အသွေးစုံလင်လှသော အပင်များကို တွေ့မြင်နိုင်ပါတယ်။ အနီ၊ အဝါ၊ အစိမ်း၊ ပန်းရောင် စသော အရောင်စုံ အပင်များက မြစ်ကို လှပအောင် ဖန်တီး ပေးထားပါတယ်။ ဒါကြောင့် မြင်တွေ့ရသူတိုင်းကို ပန်းခင်းသဖွယ် ထင်စေနိုင်ပါတယ်။ ထို့ပြင် ကြည်လင်နေသော ရေတွေကလည်း မြင်ရသူတိုင်းကို စိတ်ကြည်နူး စေပါတယ်။
ဒီလို အရောင်စုံ လှပလျက် ရှိသော ကယ်လီဖိုးနီးယားမှ ကနိုကရစ္စတယ်လ် မြစ်ကို ကမ္ဘာပေါ်မှာ အလှပဆုံး မြစ်တစ်စင်း အဖြစ်သတ်မှတ်လိုက်ရ ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan


အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reaganရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။
ဆောက်လုပ်ခြင်း
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။
ကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။
အော်ပရေးရှင်း
အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။
သင်္ဘောအချက်အလက်
 နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။
Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ
အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
အောင်ခမ်း (ရိုးရာလေး)

မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူ


မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူတရုတ်နိုင်ငံမှ အမျိုးသမီး တစ်ယောက်ဟာ ထူးထူဆန်းဆန်း သူမ၏ လက်နှစ်ဖက်   စလုံးဖြင့် စာရေးပြခဲ့ ပါတယ်။ တစ်လုံးစီ နှေးကွေးစွာ မဟုတ်ဘဲ အလျင်အမြန် ရေးနိုင်ခဲ့တာကြောင့် ယခုဆိုလျှင် နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်နေပါပြီ။ သူမ၏ နာမည်ကတော့ Chen Siyuan လို့ ခေါ်ဝေါ်ကြပါတယ်။ သူမ၏ အသက်ကတော့ ၂၄ နှစ် ဖြစ်ပြီး ထူးချွန် ထက်မြက်သူ တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စာရေးတာ တစ်ခုထဲ မဟုတ်ဘဲ ဖုန်းများ အသုံးပြုရာတွင်လည်း တစ်ခါတည်း နှစ်လုံး ကို စာရိုက်နိုင်ကြောင်း သိရပါတယ်။ သူမရေးပြနိုင်ခဲ့သော ဘာသာစကား နှစ်မျိုးကတော့ အင်္ဂလိပ်နှင့် တရုတ် ဘာသာ စကားတို့ ဖြစ်ပါတယ်။
ဒါကြောင့် သူမရေးနေသော ဗီဒီယိုကို ကြည့်ရှုလိုသူများ အနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
http://www.youtube.com/watch?v=RJ1gpqr0kkA
ကျော်လင်းနိုင် (ရိုးရာလေး)

GOOGLE ကို တည်ထောင်ခဲ့သူတွေ အကြောင်း


GOOGLE ကို တည်ထောင်ခဲ့သူတွေ အကြောင်းGOOGLE ဆိုတာဘာလဲ။ ဘာကြောင့် GOOGLE လို့ ခေါ်ပါသလဲ။
GOOGLE ဆိုတာ အတိုကောက် ခေါ်ဝေါ်ခြင်း  ဖြစ်ပါတယ်။ တကယ်တော့ GOOGLE ဆိုတာ Global Organisation Of Oriented Group Language of Earth လို့ အဓိပ္ပါယ် ရပါတယ်။ Google ကိုတည်ထောင်ခဲ့တဲ့ သူတွေကတော့ Larry Page နှင့် Sergey Brin တို့နှစ်ယောက် ဖြစ်ပါတယ်။
Sergey Brin ကို ၁၉၇၃ ခုနှစ် သြဂုတ်လ ၂၁ နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့မှာ မွေးဖွား ခဲ့ပါတယ်။ ယခုလက်ရှိ အသက်ကတော့ ၄၀ ဖြစ်ပါတယ်။ သူ၏ ဝင်ငွေကတော့ ၂၀၁၃ ခုနှစ် တိုင်းတာချက်အရ အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလီယန် ဖြစ်ပါတယ်။
နောက်တစ်ကတော့ Larry Page ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၉၇၃ ခုနှစ် မတ်လ ၂၆ မှာ မွေးဖွားခဲ့ ပါတယ်။ သူလည်း အသက် ၄၀ ဖြစ်ပါတယ်။ လက်ရှိ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယန် ဖြစ်ပါတယ်။ ဒါ့ကြောင့် GOOGLE နဲ့ ပက်သတ်ပြီး သိသင့်သည့် အချက်များကို ဗဟုသုတ အနေဖြင့် ရေး သားပေးလိုက် ရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi


zombieတကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

သူ့ကို Zombie Fungi လို့ အမည်ပေး ထားပါတယ်။ လူကိုတော့ effect မဖြစ်ပါဘူး။ ပုရွတ်ဆိတ်တွေကိုတော့ Zombie ဖြစ်အာင် ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပုရွတ်ဆိတ်တစ်ကောင်ကို ကိုက်ပြီးရင် သူ့ရဲ့ စိတ်ကိုပါ ထိန်းချုပ် နိုင်သွားပါတယ်။ သို့ပေမယ့်လည်း အချိန်အတိုင်းတာ တစ်ခုအထိပါ။ ယင်းသို့ ပြောင်းလဲသွားတဲ ပုရွတ်ဆိတ်ဟာ အင်မတန် သန်မာ သွားပြီး အခြား ကြီးကြီးမားမားအကောင်တွေကိုပါ တိုက်ခိုက် နိုင် သွားပါတယ်။
ဒါကြောင့် သူတို့ ကိုက်သတ်လိုက်တဲ့ ဓားခုတ်ကောင်၊ လိပ်ပြာ တို့လို အကောင် ငယ်တွေဟာ သေတဲ့အခါ ပုံမှန်အတိုင်းမဟုတ်ပဲ ကိုယ်ကနေ အမြစ်ထွက် သလိုမျိုး ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကို ပေါ်ထွက် စေပါတယ်။ ဒါကြောင့် Zombie Fungi  ကို သက်ရှိ သွေးစုပ်ဖုတ်ကောင် သက်ရှိ တစ်မျိုး အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။
http://youtu.be/XuKjBIBBAL8
အောင်ခမ်း ( ရိုးရာေးလ )

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)


southကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။
ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။
တောင်ကိုရီးယားတစ်ဖက်ခြမ်းမှာ တံခါးဖွင့်မယ်ဆိုရင်ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း နောက်မှာ တစ်ယောက်က လက်နဲ့ဆွဲထားရပါတယ်။ အကြောင်းကတော့ ဖွင့်တဲ့အခါ ဟိုဘက်က ဆွဲထည့်ပြီး ရန်ပြုမှာစိုးလို့ ဖြစ်ပါတယ်။ တစ်ဖက်နယ်မြေကိုရောက်သွားရင် ဘယ်သူမှ ကယ်လို့မရတော့ပါဘူး။ နယ်မြေကို ခြေတစ်လှမ်းကျွံတာနဲ့ ကျွံတဲ့ ခြေထောက်ကို ဖြတ်ဖို့လောက်ထိတောင် နှစ်ဖက်လုံးက စည်းကမ်းများ တင်းကြပ်ထားပါတယ်။
မြောက်ကိုရီးယားဘက်က တံခါးဖွင့်ရင်လည်း တောင်ကိုရီးယားလိုပဲ တစ်ယောက်လည်း တစ်ယောက်ဆွဲလို့ အဆင့်ဆင့်ခံပါတယ်။ ဒါက အဆောက်အအုံထဲမှာပါ။ အဆောက်အအုံအပြင်မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ၁ ပေဝန်းကျင်မှ အကွာလောက်သာ ခြားပြီး ရပ်နေကြပါတယ်။
အတွင်းကော အပြင်မှာပါ ကမ္ဘာမှာ မရှိဖူးသေးတဲ့ နယ်စပ်စည်းမျဉ်း စည်းကမ်း များ ချမှတ်ထားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်လိုတဲ့ အကြည့်များနဲ့ ကင်းစောင့်နေကြပါတယ်။ အားလုံးက အသင့် အနေအထားပါပဲ။ တစ်ဖက်ဆီမှာလည်း အနည်းဆုံး စစ်သေားထောင်ချီ ရှိနေပြီး အရေးကြီး အခြေအနေဆိုရင် သောင်းချီ၊ သိန်းချီတောင် ရှိပါတယ်။  တောင်ကိုရီးယား စခန်းဘက်ကမှာ အမေရိကန် စစ်သားများလည်း ရှိနေပါတယ်။
Joint Security Area မှာရှိတဲ့ ဆွေးနွေးခန်းတစ်ခုဆို ရင် တောင် ကော မြောက်ကိုရီးယားပါ ပိုင်ဆိုင် ပါတယ်။ တောင် နဲ့ မြောက်ကြားမှာ ဘေးမဲ့ တော တစ်ခုလည်း ထားရှိပါတယ်။ ယင်းတောထဲမှာလည်း လှုပ်လှုပ်ရှားရှား တစ်ကောင်ကောင် တွေ့ ရင် တောင်ရော၊ မြောက်ဘက်က စစ်သားများက လက်နက်မျိုးစုံနဲ့ ပစ်ခတ်ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က ထူးခြားချက်နဲ့ ဓာတ်ပုံများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://www.businessinsider.com/north-and-south-korea-dmz-border-is-a-warzone-2013-2?op=1
အောင်ခမ်း ( ရိုးရာလေး )

တက်တူးထိုးခြင်းကို နှစ်ခြိုက်လွန်းသူ အမျိုးသား နာမည်သစ်ကြောင့် ပတ်စ်ပို့မရ


တက်တူးထိုးခြင်းကို နှစ်ခြိုက်လွန်းသူ အမျိုးသား နာမည်သစ်ကြောင့် ပတ်စ်ပို့မရ ခန္ဓာကိုယ်၏ ကိုးဆယ် ရာခိုင်နှုန်းအား တက်တူးထိုး ထားသူ အသက် ၃၄ နှစ် အရွယ် ဗြိတိန် အမျိုးသားသည် ၄င်း၏ခန္ဓာကိုယ် အရေပြား အလှဆင် ထားခြင်းကြောင့် မဟုတ်ဘဲ အမည်ကြောင့် ပတ်စ်ပို့ ထုတ်ပေးရန် ငြင်းဆိုခံရကြောင်း သိရသည်။ အဆိုပါ အမျိုးသား သည် ၄င်း၏ အမည်အား King of Ink Land King Body Art The Exetreme Ink-Ite ဟု ပြောင်းလဲ ခဲ့ပြီးနောက် ပတ်စ်ပို့ ထုတ်ပေး ရန် ငြင်း ပယ်ခံရသည်။
၎င်း၏ ယခင်အမည်မှာ မက်သရူး ဝီလန်ဖြစ်ပြီး လက်ရှိတွင် Body Art ဟု အတိုကောက် ခေါ်ဆိုသည်။ Body Art ကို ဘယ်ဘက်မျက်လုံး အပါအဝင် ခန္ဓာကိုယ်၏ ၉ဝ ရာခိုင်နှုန်းအား စတာလင်ပေါင် ၂၅ဝဝဝ အကုန်အကျ ခံ၍ တက်တူး ထိုးခဲ့ခြင်းဖြစ်ကာ ၄င်း၏ ဝါသနာအား အသက်မွေး ဝမ်းကျောင်း အဖြစ် လုပ်ကိုင်ရန် တိုင်းတစ်ပါးမှ ကမ်းလှမ်းလာသဖြင့် ပတ်စ်ပို့ အသစ်လျှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စတာလင်ပေါင် ၇၂ ဒသမ ၅ဝ ပေးသွင်း၍ ပတ်စ်ပို့ အသစ် လျှောက်ခဲ့သော်လည်း ၄င်းအမည် ကြောင့် ပတ်စ်ပို့ ချပေးရန် ပယ်ချခဲ့ ကြောင်းကို ယခုသီတင်းပတ်အတွင်း စာပေးပို့ အကြောင်းကြား ခဲ့သည်။ ၄င်းသည် ၂ဝဝ၇ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တွင် နာမည် နှစ်ကြိမ်ပြောင်း ခဲ့ပြီး အမည်သစ်အား ယာဉ်မောင်း လိုင်စင်တွင် သုံးစွဲခွင့် ရခဲ့သည်။
”ကျွန်တော့် ပတ်စ်ပို့က သက်တမ်းကုန် သွားလို့ ပြန်လျှောက် တာ။ ဒါ ပေမဲ့ ပတ်စ်ပို့ရုံးက ဖောင်မှာပြဿနာ ရှိတယ် ဆိုပြီး လှမ်းဖုန်းဆက်တယ်။ ကျွန်တော့် နာမည်နဲ့ ပတ်သက်ပြီး အစိုး ရက အသိအမှတ်ပြု ထားတဲ့ အထောက် အထားတစ်ခု လိုချင်တယ်ဆိုလို့ ယာဉ် မောင်း လိုင်စင်ပို့ လိုက်တယ်။ ဒါက လူ့အခွင့်အရေး ချိုးဖောက် ခံရတာ ပါ။ သူ တို့က မွေးစာရင်းထဲက နာမည်ကို ပတ်စ်ပို့ထဲ ထည့်ချင်တာ။ ဒါပေမဲ့ အဲဒါ ကျွန်တော့် နာမည်မဟုတ်တော့ဘူးလေ” ဟု ၄င်းက ဆိုသည်။

၁၀မိနစ် OG ၈ဂိုးသွင်းတဲ့ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ်စစ်ဆေးနေ


၁၀မိနစ်အတွင်း OG ၈ဂိုးသွင်းသည့်ပွဲစဉ်ကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးနေအီတလီ ပြည်တွင်းဖလား ပွဲစဉ်တစ်ပွဲတွင် ပွဲချိန် ၁၀မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် ၈ကြိမ် သွင်းယူခဲ့ခြင်းနှင့်ပတ်သက်၍
အီတလီဘောလုံး အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တာရီနိုဗီနှင့် ဘာဂျီရီယာတို့ ယှဉ်ပြိုင်ခဲ့သည့် (၃)သင်းပါ အုပ်စုပတ်လည်အဆင့်တွင် ပွဲစဉ်တွင် ပွဲချိန်မိနစ် ၈၀အထိ တာရီနိုဗီအသင်း (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာဂျီရီယာအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ရန်အတွက် တစ်မှတ်ရရှိရန် လိုအပ်နေရာတွင် တာရီနိုဗီ အသင်းက (၂)ဂိုးဆက်တိုက် ထပ်သွင်းခဲ့သည်။
ထို့နောက် လက်ကျန်ပွဲချိန် ၁၀မိနစ်အတွင်း ဘာဂျီရီယာ ကစားသမားများက OG ရှစ်ဂိုးသွင်းခဲ့ပြီး (၁၄-၃)ဆိုသည့် ရလဒ်ကြောင့် တာရီနိုဗီအသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ (၅-၃)ဂိုးဖြင့်သာ ပွဲပြီးမည်ဆိုပါက ပါတီနီကောဒေ့အသင်း နောက်တစ်ဆင့် တက်နိုင်မည် ဖြစ်သော်လည်း ဘာဂျီရီယာ ကစားသမားများက တာရီနိုဗီကိုသာ နောက်တစ်ဆင့် တက်စေလိုသောကြောင့် ယခုကဲ့သို့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်မှာ လုပ်ပွဲကစားမှု ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု အီတလီ ဘောလုံးအဖွဲ့ချုပ်မှ ယူဆပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ၂၀၀၂ခုနှစ်က အေအက်စ်အဒီမာနှင့် အမ်မြန်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အမ်ရာနီ ကစားသမားများက OG ၁၄၉ ဂိုး သွင်းယူပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးသည်။

လက်ဖက်ရည်ကြမ်း သောက်သူ နှလုံးရောဂါ အဖြစ်နည်း


လက်ဖက်ရည်ကြမ်း သောက်သူ နှလုံးရောဂါ အဖြစ်နည်း လက်ဖက်ခြောက်မှာ ရှိတဲ့ ဓာတ် ပစ္စည်းတွေက ကိုလက်စထရောလ် ဓာတ်တိုးခြင်း ခံရမှုကို ကာကွယ်ပေး တယ်။ ကိုလက်စထရောလ်က ဖရီး ရယ်ဒီကယ်များ (free Radicals) နှင့် ထိတွေ့တဲ့ အခါ ဓာတ်တိုးခြင်း ဖြစ်လာတယ်။
ယင်းဖြစ်စဉ်က ကိုလက် စထရောလ်ကို သွေးလွှတ်ကြောနံရံ များမှာ ပိုပြီးကပ်ငြိစေတယ်။ ဒါက နှလုံးရောဂါဖြစ်ဖို့ လမ်းကြောင်းပေါ်က ခြေတစ်လှမ်းပဲ။ ဒတ်ခ်ျသုတေသီတွေ အစီရင်ခံထား တာကတော့ Flavonoidas အများဆုံး စားသုံးတဲ့ အမျိုးသားတွေက ယင်းဓာတ်ပစ္စည်း အနည်းဆုံးရရှိတဲ့ အမျိုးသားတွေထက် နှလုံးရောဂါကြောင့် သေဆုံးမှု ၅၈ ရာခိုင်နှုန်း ပိုနည်းကြောင်း ဖြစ်တယ်။ Flavonoidas ဆိုတာက လက်ဖက် ခြောက်မှာပါတဲ့ ပေါ်လီဖီနောလ်များ (Polyphenols) ပါဝင်တဲ့ ဓာတ်ပစ္စည်း မိသားစုတစ်စု ပဲဖြစ်တယ်။
လေ့လာမှု မှာ အကျန်းမာဆုံးဆိုတဲ့ အမျိုးသား တွေက လက်ဖက်ရည်ကြမ်း တစ်နေ့ ၄ ခွက်လောက် သောက်ကြောင်း တွေ့ရတယ်။

Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ

Text Message ပို့ခြင်းက ဥာဏ်ကောင်းစေ

text

ပေါက်ပေါက်ရှာရှာ လေ့လာတွေ့ရှိမှုများထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်းစေတယ်ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။
Test Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင် ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများကတော့ စာလုံး နည်းနည်းနဲ့ ရောက်အောင်ရေးလို့ ပို့ပါတယ်။
ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေး စပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံး မှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ရေး သားပေး ပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။
ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ် မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။
--
Ref: techblog
အောင်ခမ်း (ရိုးရာလေး

ကျိန်စာ

"ဘ၀ဆိုတာ
အနာ၊ ဒဏ်ရာနှင့် ဝေဒနာတွေ
စုထွေရစ်လျှားနေတဲ့
ကျိန်စာသင့်ခြင်းတစ်ခုလား"
......
ထိုကျိန်စာဖြင့် ဆင့်ပတ်ရစ်တင်၍
တမြေ့မြေ့ကျွမ်းလောင်နေရခြင်း၌
အမြိုက်ခံ ရွေ့ယှဉ်နေရခြင်းသည်ပင်
လူ့ရှင်သန်ခြင်း သဏ္ဍန်များလား။ 

ထိုထက်မက
ပြောကြလှသည့် အချစ်ဟူသည်ပင်
တစ်နွယ်ငင် တစ်စင်ပါလျှက်
အနှီရက်စက်ခြင်းတို့နှင့်မကွဲမကွာ
အဖန်ခါခါ ကျိန်စာသင့်ရခြင်းသည်လည်း
ကျိန်စာတစ်ခုလေလား။
......
ကျိန်စာများ ဝေးစေသတည်း။