by သတိုး သတိုး on Monday, August 15, 2011 at 1:00pm
ရပ်ကွက်တစ်ခု၏ လမ်းမကြီး ဟိုဘက်အစွန်မှ သည်ဘက်အစွန်အထိ ခြေကျင်ခရီးက ဝေးလှမ်းလှတာတော့ မဟုတ်ပေ။ ဒါပေမယ့် မြို့ငယ်လေးတစ်ခုရဲ့ အစွန်အဖျားရပ်ကွက်တစ်ခု၏ ကတ္တရာလမ်းမများက ဇာတိရုပ် မပီပြင်နိုင်တော့ပြီ။ နိမ့်မြင့်ချိုင့်ဝှမ်းအသွယ်သွယ်ဖြင့် လကမ္ဘာနှင့် ယိုးမှားချင်စရာ။ ညနေက မိုးတစ်ပြိုက် ရွာချခဲ့သောကြောင့် ကျင်းချိုင့်နေရာတွေမှာ ရေအိုင်ကွက်တွေ ဖြစ်ပေါ်နေသည်။ ခြေလှမ်းတိုင်းမှာ ထိုရွှံ့နွံအိုင်ကွက်တွေကို သတိကြီးစွာ ကွေ့ရှောင်နေရတာကိုက အလုပ်တစ်ခုဖြစ်နေသည်။ ဖြတ်သွားဖြတ်လာ များသောလမ်းမမို့ ရွှံ့နွံဗွက်များပေါ် တလွှားလွှား သိုင်းကွက်နင်းနေကြသော လူတွေလည်း တလှုပ်လှုပ်။ အပြန်ကျလျှင် မျက်နှာသိနေသောဆိုက္ကားတစ်စီးစီး ငှားစီးမည်ဟု ရည်ရွယ်ထားခဲ့သည်။ ခုအတိုင်း
ဆိုလျှင်တော့ဒီလမ်းခရီးကို ဘယ်ဆိုက္ကားမှ လိုက်ချင်ကြတော့မည် မထင်။
တွေးနှောင့်ပူပန်နေမိသော စိတ်သောကကြောင့်လည်း ခြေလှမ်းများက နှေးကွေးလေးအီနေသည် ထင်၏။ တင်လေးကို ဇွတ်အတင်းခေါ်လာခဲ့ရ အကောင်းသားဟု တွေးမိသည်။
အဲဒီ တင်လေးတစ်ယောက်ဟာ အရေးအကြောင်းရှိလျှင် ဘယ်တော့မှ အားကိုးရသူမဟုတ်။ ခုလည်း မွန်မွန်နဲ့ အဖော်လိုက်ခဲ့ပေးဖို့ နံနက်ကတည်းက စည်းရုံးတောင်းပန်နေခဲ့ရတာ လေကုန်ရုံ အဖတ်တင်သည်။ သူ့ဇာတ်လမ်းတွဲလာမည့်အချိန်နှင့် တိုက်ဆိုင်နေလို့ မလိုက်နိုင်ဘူးတဲ့လေ။ ကိုရီးယားဇာတ်လမ်းတွဲ သူရဲမ။
လမ်းမီးတိုင်တွေကလည်း တစ်တိုင်နှင့်တစ်တိုင် တစ်ခေါ်လောက်ဝေးလေ၏။ မြို့နယ်လျှပ်စစ်မီးက